ငါန်းဇွန် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့ စနစ်တကျတိုက်ကျွေးရေး၊ အာဟာရပြည့်ဝစွာ စားသောက်တတ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အာဟာရထောက်ပံ့ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က ကိုယ်ဝန်ဆောင်စဉ် သတိရှိလိုက်နာရမည့် ကိစ္စရပ်များ၊ မိခင်ရော သန္ဓေသားပါ အာဟာရပြည့်ဝစေရန် စားသုံးရမည့် အစားအစာများ၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးချိန်တို့တွင် သတိပြုရမည့် အန္တရာယ်ရှိသော လက္ခဏာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္က ဒေါ်မြင့်မြင့်ခိုင်က မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် နို့ထွက်အားကောင်းမွန်စေရေး ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရအစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)