နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးတောင်သူများ နှင့်တွေ့ဆုံ

တပ်ကုန်း ဩဂုတ် ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူတို့သည် တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  စိုက်ပျိုးရေးတောင်သူများတွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက ရေအေးကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံများ ဝင်ငွေရရှိအောင် ဆောင်ရွက်ရေး၊ မြေဆွေးမြေဩဇာဆောင်ရွက်ရေး၊ သွန်းအားစုများ ရွေးချယ်မှုမှန်ကန်ရေး၊ လယ်မြေစနစ်တကျ စိုက်ပျိုးရေးနှင့် ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းတက်မှုအဆင်ပြေရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် တက်ရောက်လာသည့် တောင်သူများက သီးနှံစိုက်ပျိုးထားရှိမှုနှင့်လိုအပ်ချက်များအား တင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများတင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကွင်းအမှတ်၊ ၂၀၄၀၊ တောင်သူဦးဆန်းနိုင်၏ Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်(MSME)အသင်းအဖွဲ့ဝင်များ၊ မြို့နယ် ဆန်၊ ဆီစက်လုပ်ငန်းရှင်များ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနှင့်ပညာရေးဆိုင်ရာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြား၊ နဝင်းချောင်း(အဆုံ) ချောင်းကူးတံတားသစ်၊ အရှည် ၁၉၀ ပေ၊ ၄ လမ်းသွားတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုခဲ့ရာ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ရှိသူတစ်ဦးက တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်/ပြန်ဆက်ရုံး/တပ်ကုန်းမြို့