မိုင်းယန်း ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဆိတ်ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန်ကျေးရွာ၌ ကျင်းပသည်။
အဆိုပါပေးအပ်ပွဲတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ ဒေသဆိတ်များဖြန့်ဖြူးပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် ဒေသဆိတ်များ မွေးမြူခြင်းဖြင့်ရရှိလာမည့် အကျိူးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းကျောက်ငင်းမှ မွေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးခြင်းရည်ရွယ်ချက်ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များမှ အိမ်ထောင်စု (၅) စုအတွက် ဒေသဆိတ် (၅၅) ကောင်အား ကျေးရွာကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ရာ ဒေသဆိတ်မွေးမြူသူ တောင်သူ (၁) ဦးမှ လက်ခံရယူပြီး တောင်သူအားလုံးကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး