လယ်ဝေး သြဂုတ် ၁၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အတွင်းရေးမှူး ရဲမှူးမိုးကျော်သူ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဥယျာဉ်စုကျေးရွာတွင် ဆီကိုယ်စားလှယ်များမှ စားသုံးဆီဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကြည့်ရှုအားပေး၍ စနစ်တကျ ဝယ်ယူစေရေးနှင့် ယခုကဲ့သို့ ပြည်သူများအား သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချပေးနိုင်ရေး ဆန်စက် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် V4 လမ်း-သက္ကယ်ချင်းကျေးရွာချင်းဆက်လမ်း (၀/၃.၃၃)မိုင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာဒေါ်ထက်ခိုင်စိုးက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ကြို့ကုန်းကျေးရွာအုပ်စု၊ သက္ကယ်ချင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ရောက်ရှိကြပြီး ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ ကျောင်းအုပ်ကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တွေ့ဆုံ၍ ကျောင်းသန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်ရန်၊ အရိပ်ရလေကာပင် မန်ကျည်းပင်များ စိုက်ပျိုးရန်၊ သောက်သုံးရေရရှိရေးနှင့် သန့်ရှင်းလုံခြုံရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ကန်လှကျေးရွာ-စမ်းကလေးသုဿန်သွားလမ်းသို့ရောက်ရှိကြပြီး DY-4 မြောင်းပေါ်ရှိ Box Culvert ပျက်စီးနေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယာယီဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး DY-4 မြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်၊ Box Culvert ပြန်လည်ပြုပြင်မည့်အစီအစဉ် ပြန်လည်တင်ပြရန်နှင့် လမ်းအန္တရာယ်ကင်းရှင်းစေရေး ရောင်ပြန်စတစ်ကာများနှင့် သတိပေးဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် - ၁၉၈/၇ နှင့် ၁၉၉/၁ ကြားရှိ Box Culvert မြောင်းပိတ်နေမှုကြောင့် ရေဝပ်ပြီး ကွင်းအမှတ်၁၈၄၇ နှင့် ၁၈၄၈ ကွင်းရှိ လယ်ယာမြေများ ရေနစ်မြုပ်နေမှုကို သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ပျက်စီးမှုများရှိပါက စိစစ်တင်ပြရေးနှင့် သက်တမ်းတိုမျိုးများ ပြန်လည်စိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)