နေပြည်တော် ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ ရေဝေရေလဲဧရိယာ များတွင် သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီမှ (၂၀၂၄) ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင် တောင်ညိုကြိုးဝိုင်း အကွက်အမှတ်(၆၀)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို သစ်တောသယံဇာတတွေ ရေရှည်တည်တံ့စေရန်၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ရေဝေရေလဲဧရိယာတွေမှာ သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာ ကောင်းမွန်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူတွေ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ဖို့ ရည်ရွယ်ပြီး သစ်ပင်စိုက် ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကို (Clean City, Green City, Smart City) ဖြစ်စေရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြနှင့် ရပ်ရွာအသီးသီးတွင် စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ “ဥတု ရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီး သာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် များစွာပံ့ပိုးကူညီပေးနေပါကြောင်း၊ ရာသီဥတုမျှတ ကောင်းမွန်စေပြီး မြေနှင့်ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေမုန်တိုင်းကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးပါကြောင်း၊ သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုးထိန်းသိမ်းသလို တစ်ဖက်မှလည်း သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်တောသစ်ပင်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မယ်ဇလီပင်ကို စိုက်ပျိုးပေးသည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြ သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာ များအလိုက် မယ်ဇလီ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပိတောက်နှင့် မဟော်ဂနီပင်စသည့် သစ်မျိုး ငါးမျိုး၊ စုစုပေါင်းအပင်(၅၄၀)ကို စိုက်ပျိုးကြရာ စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တူ (ဗိုလ်ရွေး)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)