နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများနှင့်အလှူငွေများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး  ဩဂုတ် ၁၀

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များမှ သက်စွန့်ကြိုးပမ်း ထမ်‌ဆောင်ပေးလျက်ရှိပါကြောင်း၊ ယင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့် စိတ်ဓာတ်ရေးရာပံ့ပိုးပေးခြင်းနှင့်အတူ ပစ္စည်းအား ပံ့ပိုးပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ စေတနာရှင်ပြည်သူများကလည်း  စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် တစ်ဖက်တစ်လမ်းမှ စိတ်ဓာတ်ရေးရာ ပံ့ပိုးပေးခြင်း၊ ပစ္စည်းများပံ့ပိုးပေးခြင်းပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပါဝင်လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းက လက်ခံရယူခဲ့သည်။ ဆက်လက်၍ စေတနာရှင်ပြည်သူများ၊ အသင်းအဖွဲ့များက လှူဒါန်းပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ စေတနာရှင်အလှူရှင်ပြည်သူများမှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သည့် လှူဒါန်းပစ္စည်းများအား ရှမ်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  လိုအပ်သည့်နေရာများသို့  ဆက်လက်ပေးပို့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)