မော်လမြိုင် ဩဂုတ် ၁၀
မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ၊ အထိမ်းအမှတ်အခမ်းအနားနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ သြဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်အခမ်းအနားများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော ပြည်သူလူထုများ လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်ရေးကို ဦးတည်ဆောင်ရွက်နေသည့်အပြင် လူတိုင်းရောဂါဘယကင်းဝေးစေရေးလုပ်ငန်းစဉ်များအနေဖြင့် ကုသရေးလုပ်ငန်း၊ ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပါကြောင်း၊ အထိမ်းအမှတ်အခမ်းအနားများ ရက်သတ္တပတ်များကို ပြုလုပ်ရခြင်းမှာ ပြည်သူလူထုက အာရုံစိုက်ပြီး အမူအကျင့်ကောင်းများကို စွဲမြဲစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်သြဂုတ်လအတွင်း ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်တွင် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်ကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများတွင် အမူအကျင့်ကောင်းများ စွဲမြဲစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများအား စွဲမြဲကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးသီတင်းပတ်အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမေဦးခိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြုလုပ်ခဲ့သော ကျောင်းကျန်းမာရေးသီတင်းပတ်အစီအစဉ်နှင့် ၂၀၂၃ ခုနှစ်၊ မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားအစီအစဉ်နှင့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုနှစ်တွင်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဥ်း၍ တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်စည်ပင်၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကြီးကြပ်မှုဦးစီးဌာန၊ ဆားလုပ်ငန်း၊ ပြည်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံများ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ပါသည်။ ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ပြည်နယ်ခန်းမ၌ သြဂုတ်လ (၂၀) ရက်နေ့တွင် လည်းကောင်း၊ ကျောင်းကျန်းမာရေးရက်သတ္တပတ်ကို အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ်လ (၂၇) ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)