မော်လမြိုင် ဩဂုတ် ၁၀
၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူလေးများ၊ အားကစားဝါသနာရှင်များက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းစည်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးပေးဆောင်ရွက်ပေးလျက်ရှိရာ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့မှုကြောင့် ဒုတိယဆုရရှိခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အင်အားကြီး ဘောလုံးအသင်းများကို ကျော်ဖြတ်ပြီး အနိုင်ယူကာ ဒုတိယဆုရရှိအောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် ပြည်သူလူထုကိုယ်စား လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါကြောင်း၊ အားကစားအဆင့်အတန်းသည် ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်အောင် ကျန်းမာကြံ့ခိုင်သည့် လူငယ်တွေဖြစ်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးရမှာဖြစ်သလို အားကစားများအနေဖြင့်လည်း ဘောလုံးအားကစားနည်း၏ ခေတ်မီနည်းစနစ်တွေကို မပြတ်လေ့လာသင်ယူပြီး ပြည်နယ်ဂုဏ်သာမက နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သောသူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်း နည်းပြချုပ်မှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ်သိန်း (၄၀)အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဆုရ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံဂုဏ်ပြု နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)