စစ်တွေ ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအတွက် PPMRS စနစ်ဖြင့် ဖြည့်သွင်းနိုင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းစနစ် Project Progress, Monitoring and Reporting System( PPMRS )သည် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသော လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများကို စိစစ်ရန်အတွက်သော်လည်းကောင်း၊ လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ တိုးတက်မှုများကို အစီရင်ခံခြင်းအတွက်သော်လည်းကောင်း ရေးဆွဲထားသော Online ဖြင့် ဆောင်ရွက်ရသည့် Software တစ်ခုဖြစ်ကြောင်း၊ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား စီမံကိန်း အကောင်အထည်ဖော်မှုအခြေအနေ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းစနစ်(PPMRS)ကို အသုံးပြု၍ ပေးပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ညွှန်ကြားထားကြောင်း၊ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ချေးငွေ၊ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းဥပဒေများပါ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများနှင့် အခြားလုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများကို သုံးလပတ်အလိုက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြည့်စုံမှန်ကန်စွာ ပေးပို့ရမည်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယနေ့ပို့ချသင်ကြားပေးသော သင်ခန်းစာများကို သေချာစွာလေ့လာ သင်ယူကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးမှူး ဦးသန်းထွန်းအောင်က ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအတွက် PPMRS စနစ်ဖြင့်အသုံးပြု၍ ဖြည့်သွင်းနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဦးသန်းထွန်းအောင်က PPMRS စနစ်အသုံးပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းသင်ကြားရာ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးမှူးက အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးဆုံးဖြတ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)