ကျောက်တံတားမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ကျောက်တံတား ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က အဖွင့်အမှာစကားပြောကြားပြီးနောက် စာရေးဆရာမကြီး ညွန့်ညွန့်(ကလော)က “ခေတ်လူငယ်များ ပညာခေတ်မှာ ပညာရှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနွဲ့သိဂီက “ရည်မှန်းချက်နှင့် စာကြည့်တိုက်” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး မျိုးမြင့်ဝင်းက “လူကုန်ကူးမှုတိုက်ဖျက်ရေး”အသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ 

ဆက်လက်ပြီး အခြေခံပညာအလယ်တန်းကျောင်းတွင် အသုံးပြုရန် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးထက်က အားကစားပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ဆပ်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးသော်တာက မြန်မာ့ရိုးရာခြင်းလုံးများကိုလည်းကောင်း အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံသို့ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြန်မာ့ရိုးရာခြင်းလုံးအားကစားသရုပ်ပြအဖွဲ့က မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို သရုပ်ပြသခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဂုဏ်ပြုဆုငွေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က ထပ်ဆောင်းဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ကျောက်တံတား( ပြန်/ဆက်)၏