နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင်နှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်း

ဥတ္တရသီရိ ဩဂုတ် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရေတွင်းဖြူဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၏ ဇနီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဇင်သည် နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်အတူ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ရေတွင်းဖြူဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးစီးပဓာနနာယကဆရာတော်၊ ဘဒ္ဒန္တတိက္ခဉာဏဆရာတော်က ငါးပါးသီလတရား ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား  ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့သည် မင်းကုန်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ၊ ရတနာစံပြဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်သို့ရောက်ရှိပြီး ပဓာနနာယကဆရာတော်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနန္ဒိယထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ လှူဒါန်းမှုတို့ကို အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အဆိုပါကျောင်းရှိ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းဝတ်စုံများထောက်ပံ့ခြင်း၊ စာရေးကိရိယာများ‌‌ထောက်ပံ့ခြင်းနှင့် အဟာရဖြည့်စွက်စာ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)