ကျိုက်ထိုမြို့အ.ထ.က(ရွှေဥဩ)၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ပြုလုပ်

ကျိုက်ထို    ဩဂုတ်  ၉      

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ရွှေဥဩ)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းသန်းနှင့် စာပေချစ်သူများအသင်း(Book Club)အဖွဲ့မှ အဖွဲ့ဝင်ဦးလှထွန်းတို့က  အမှာစကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက

ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ရွှေဥဩ)မှ Grade-11 ကျောင်းသူ မရတနာသင်းက အစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ရွှေဥဩ)ကျောင်းမှ  Grade-12 ကျောင်းသားမောင်ရွှေတိုး၊ Grade-10 ကျောင်းသား ‌မောင်ထက်ဝေယံ၊ Grade-10 ကျောင်းသူမကြယ်စင်လင်းတို့ကလူငယ်နှင့်ရည်မှန်းချက်လူငယ်နှင့်အောင်မြင်မှုလူငယ်နှင့်အလင်းရောင်” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် ဒေါ်တင်ထားအေးက နိဂုံးချုပ်အမှာစကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်