သထုံ ဩဂုတ် ၉
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း(၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ ငါးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်း၊ လုပ်ငန်းခွင်သင်တန်းများ ဆောင်ရွက်နေကြောင်း၊ သင်တန်းသားများအနေဖြင့် သေချာစွာလေ့လာသင်ယူကာ မိမိတို့ဒေသနှင့် နိုင်ငံတော်အတွက် ငါးမွေးမြူရေးလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း အမှာစကားပြောကြားပြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ငါးများ၏ နေထိုင်ကျက်စားမှုဓလေ့၊ ငါးကန်တူးဖော်ခြင်း၊ ကန်အရည်အသွေးပြုပြင်ခြင်း၊ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ မျိုးရွေးချယ် ထိန်းသိမ်းခြင်း၊ ရေချိုငါးမျိုးများ လက်တွေ့ဆေးထိုးသားဖောက်ခြင်း၊ ငါးအစာအဟာရနှင့် အစာကျွေးနည်းစနစ်များ စသည်တို့ကို ဩဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ စာတွေ့လက်တွေ့သုံးရက်ကြာ အခမဲ့စရိတ်ငြိမ်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ)မှ နောက်ဆုံးနှစ်သင်တန်းသား ၅၉ ဦး၊ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ရွှာလွတ်ရွာ၊ ချောင်းဆုံမြို့)မှ သင်တန်းသား ၉ ဦး စုစုပေါင်း ၆၈ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)