မင်းလှမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကွင်းဆင်းဆောင်ရွက်

မင်းလှ ဩဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က သပြေစမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က ကျောင်းသား/သူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာကို ပြောကြားသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်ဇင်မာဝင်းက ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် ကျောင်းသား/သူလေးများကို ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား/သူလေးများအား သုတ၊ ရသ၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် လူကုန်ကူးမှုနှင့်သဘာဝဘေးအန္တရာယ်သိကောင်းစရာ၊ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် နံရံကပ်စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)