ပေါင်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

ပေါင် ဩဂုတ် ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က )ကော့ကရင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) ကော့ကရင်ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမော်က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က) ကော့ကရင်ကျောင်းမှ Grade - 9ကျောင်းသူ မရူပါလင်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်ကျော်ဝဏ္ဏထွေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 12 ကျောင်းသူ မသက်ဖူးဝေက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -12 ကျောင်းသူ မဖြူသွယ်သွယ်ကျော်က လူငယ်နှင့်ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုမျိုးကွဲနှင့် အဏ္ဏဝါဂေဟာစနစ်ထိခိုက်မှုဆိုင်ရာ အချက်အလက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 12 ကျောင်းသား မောင်ဝိုင်းချစ်ထွေးက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က)ကော့ကရင် ကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူ (၃၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)