ကျိုက်မရော သြဂုတ် ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ စာဖတ်ရှိနမြှင့်တင်ရေး၊ လူငယ်ရေးရာပညာပေးနှင့် ဥပဒေပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.ကကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးကကျောင်းသား၊ ကျောင်းသူများဗလငါးတန်းနှင့်ပြည့်စုံစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။
ထို့နောက် ကျိုက်မရောမြို့နယ် ဥပဒေအရာရှိဒေါ်မြင့်သက်ထွေးက ကလေးသူငယ်အခွင့်အရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကလေးသူငယ်ဆိုင်ရာဥပဒေများကို ပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသူကျောင်းသားများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)