မုဒုံမြို့၌ မိုးစပါးစိုက်ဧက ၇၀၀၀၀ ကျော်စိုက်ပျိုးပြီးစီး

မုဒုံ ဩဂုတ် ၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၂၀၀၉ ဧက စိုက်ပျိုးပြီစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးသန့်မျိုးစေ့ပံ့ပိုးပေးခြင်း၊ ကြဲခင်း၊ ရိုးရိုးပျိုးစိုက်ခင်း၊ ဘောင်ပျိုးခင်း၊ ကောက်စိုက်စက်၊ Seeder များဖြင့် စနစ်တကျစိုက်ပျိုးခြင်းနှင့် စံပြကွက်များကို ဖော်ဆောင်ထားရှိကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျ အချိန်ကိုက်ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေး၊ စိုက်ပျိုးနည်းပညာများ လက်တွေ့သရုပ်ပြ အသိပေးခြင်းလုပ်ငန်းများကို တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးကြောင်းနှင့် စပါးစိုက်ဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးဦးငြိမ်းချမ်းကျော်က ပြောသည်။

မုဒုံမြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာတွင် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်တို့ဖြင့် အရည်အသွေးကောင်း စပါးမျိုးဖြစ်သည့် ပေါ်ဆန်းရင်အုပ်စုကို အဓိကထားစိုက်ပျိုးကြရာ ယခင်နှစ်က မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧက ၇၅၁၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၆၆ ဒသမ ၈၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)