တောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

တောင်သာ သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းတို့၏ စီမံကိန်းအကြောင်းအရာ အကျဥ်းချုပ်နှင့်လုပ်ငန်းစဥ်များအကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် သပြေပင်ကျေးရွာသို့ စီမံ ကိန်း ရန်ပုံငွေ သိန်း ၂၀၀ အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းကလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာသို့ စီမံကိန်းရန်ပုံငွေ သိန်း ၁၅၀ စီအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျကျော်စွာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မြင့်၊ လဝကဦးစီးမှူး ဦးမောင်မောင်မြင့်၊ အဖွဲ့ဝင် ဦးမိုးကျော်နိုင်နှင့် ဌာနဆိုရာ အကြီးအကဲများကအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာဖြစ်သည့် သပြေပင်ကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများဖြစ်သည့် အလယ်ချိုင့်(တ)၊ သဲတော၊ ထန်းပင်ခြံရွာမ၊ ဘုရားလှ၊ ပေါက်ကန်၊ ရုံးစည်ကြီး၊ ဆုံကုန်း၊ ကျူချောင်း၊ ငါးပင်စင်၊မြိုဘ ကျေးရွာများမှ ကော်မတီဝင်များ၊ ကျေးလက်ဦးစီးဌာနဝန်ထမ်းများ စုစုပေါင်းအင်အား(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)