ချမ်းမြသာစည် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့သစ် (၅) ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများအား တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေ ဒေသတစ်ခုတွင် လူတိုင်းကို တစ်ကြိမ်တည်း တစ်ပြိုင်တည်း ကောက်ယူသော လုပ်ငန်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရခြင်းမှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာစာရင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ရရှိရန်နှင့် လိုအပ်သော မူဝါဒ၊စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန် ရည်ရွယ်ပါကြောင်း ဟောပြောပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်း ကော်မတီဝင်များက၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့