တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

တပ်ကုန်း ဩဂုတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါ စကားဝိုင်းတွင် ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားအောင်က အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ အဖွင့်အမှာစကားပြောကြား​ခဲ့ပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မောင်ဝင်းသန့်ဇင်အောင်(Grade-11)၊ မောင်ဇွဲမင်းကို(Grade-10)၊ မယွန်းဝေဝေထွန်း (Grade-9)၊ မမြတ်နိုးခင်(Grade-9)တို့က လူငယ်နှင့်မျိုးချစ်စိတ်၊ လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်စာရိတ္ထ၊ လူငယ်နှင့်အားကစားခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရပြီး၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်လူငယ်များ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်