သာယာဝတီမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

သာယာဝတီ သြဂုတ် ၉

ကျောင်းသားလူငယ်များစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ+ထားဝယ်) တို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ+ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က အဖွင့်အမှာစကား​ပြောကြားပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျောင်းသားလူငယ်များ နိုင်ငံအနာဂတ်လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြှင်မားလာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဥာဏ်ပညာအတွေးအခေါ်ဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်နှင့် ဗဟုသုတပြည့်ဝ၍ အနာဂတ်တွင်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်ရည်ရွယ်၍ ယခုလိုကျပန်းစကား ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း​ ပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ+ထားဝယ်)မှ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးတို့က မဲကျရာ ခေါင်းစဉ်များဖြစ်သည့် ပညာရဲရင့်ပွဲလယ်တင့်၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အားလုံးပါဝင်ပေး၊ ပညာရွှေအိုးလူမခိုး၊ စာပေမြင့်မှလူမျိုးတင့်မည်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာအုပ်စာပေလူ့မိတ်ဆွေ စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့က ၃၈ ဖြာမင်္ဂလာတရားတော်စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်စွမ်းရည်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောင် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ စိုက်ပျိုးရေးနှင့်မွေးမြူသိပ္ပံ(သာယာဝတီ+ထားဝယ်)မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၃၀)ဦးခန့် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)