မြစ်သား သြဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားကုန်ကျမှု ပြဿာနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့်စပါး အထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ခုနှစ်၊ အင်ဂျင်စွမ်းအားသုံး(၆)တန်းသွားလက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြစ်သားမြို့နယ်၊ ကျွန်းလှကျေးရွာ၊ ကွင်းအမှတ်(၄၃၁/ဆ)၊ ဦးပိုင်အမှတ်(၇၆/၁)ရှိ ဒေသခံတောင်သူ ဦးလွန်းမောင်၏လယ်မြေ(၂.၅၀)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် အင်ဂျင်စွမ်အားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင်ညီညာရန်လိုအပ်ခြင်း၊ ပျိုးခင်းအတွက် နေရာအနည်းငယ်သာလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့်စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့်ကောက်ပင်အတိမ်အနက် လိုအပ်သလိုချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ပင်လှန်မြန်ခြင်းနှင့် ပင်ပွားအရေအတွက်များများရရှိခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာသည်တို့တွင် အချိန်အခါမီစိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာအချက်အလက်များကို တာဝန်ရှိသူတစ်ဦးမှ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အင်ဂျင်စွမ်းအားသုံး(၆)တန်းသွားလက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ အင်းကုန်းစက်မှုလယ်ယာစက်ရုံနယ်မြေမှ စက်ရုံမှူး/အလုပ်ရုံမှူးများ၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ကျေးရွာ(၅)ရွာမှ ဒေသခံတောင်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)