မုဒုံ သြဂုတ် ၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ စပါးစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို သြဂုတ် ၅ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဂိုထောင်၌ ဖြန့်ဖြူးပေးသည်။
စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ဓာတ်မြေသြဇာများကို ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှစတင်၍ မြို့နယ်အတွင်းရှိတောင်သူများကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက လျာထားပြီး ယခုအခါ ၇၂၀၀၀ ဧကကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ ဒေသခံတောင်သူများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ မျိုးစေ့ထုတ်စိုက်ဧက၊ စံပြကွက်များအတွက် ဓာတ်မြေသြဇာများကို အချိုးကျထည့်သွင်းနိုင်ခြင်းဖြင့် သီးနှံအထွက်နှုန်းပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။
အဆိုပါ ဓာတ်မြေသြဇာများကို မုဒုံမြို့နယ်အတွင်း ကျေးရွာ ၃၆ ရွာရှိ တောင်သူ ၄၈ ဦး၏ လယ်ဧက ၁၀၂၅ ဧကအတွက် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်လျင် ၃၄၉၀၀ ကျပ်ဖြင့် ၁၀၂၅ အိတ်၊ ရွှေဇီဝဓာတ်မြေသြဇာ တစ်အိတ်လျင် ၄၈၀၀၀ ကျပ်နှုန်းဖြင့် ၂၅၆ အိတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)