မုဒုံ သြဂုတ် ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းရှိ မီတာ(၄၀၀)ဘောလုံးကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အားကစားလှုပ်ရှားခြင်းဖြင့် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးရေးတွင် အထောက်အကူပြုစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ ဆေးဝါးသောက်သုံးခြင်းမှ ကင်းဝေးစေပြီး အားကစားလှုပ်ရှားခြင်းဖြင့် ပြည်သူတစ်ရပ်လုံး အားကစား၏ အကျိုးကျေးဇူးကို သိမြင်နားလည်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲအတွက် ဘောလုံးများထောက်ပံ့ပေးအပ်ရာ မြို့နယ်အား/ကာမှူးမှ လက်ခံရယူသည်။
အဆိုပါပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာဘောလုံးအသင်း(၁၂)သင်းတို့က ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပထမပွဲစဥ်အဖြစ် ဝက်တဲကျေးရွာနှင့်ဆက်သွယ်ကျေးရွာအသင်းတို့က ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)