ဒေါပုံ ဩဂုတ် ၉
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာလီဖြိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခိုင်ဝေဝေနှင်းက အားကစားနှင့် ပတ်သက်သည့် သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက လူငယ်များဗလငါးတန်ပြည့်မီစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့မှ သရုပ်ပြဖျော်ဖြေခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခိုင်ဝေဝေနှင်းက တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)