မုဒုံ သြဂုတ် ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ တားမြစ်ထားသည့်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရွှေဟင်္သာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဦးမင်းပြည့်စုံနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းလွင်၊ ကျန်းမာရေးကြီးကြပ်(၁)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် တာဝန်ရှိသူများကပူးပေါင်း၍ စျေးအတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများအရောင်းဆိုင်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများကို ပြည်သူများ ရောင်းဝယ်သုံးစွဲနိုင်စေရေး၊ FDA တွင် မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်ရေးနှင့် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)