ရတနာပုံတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

အမရပူရ သြဂုတ် ၉  

တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် နှစ်စဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ရတနာပုံတက္ကသိုလ်တွင် ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့  ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြဆရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရတနာပုံတက္ကသိုလ် ကြက်ခြေနီလူငယ်မောင်မယ်များက “ဒို့ကြက်ခြေနီ” သီချင်းသီဆိုပြီး အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက ဝမ်းမြောက်ဂုဏ်ယူအဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး မန္တလေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အထောက်အကူပြုအရာရှိ ဦးထွန်းအောင်လွင်က ရှေးဦးပြုစုနည်း အကြောင်းအရာများကို ပါဝါပွိုင့်ဖြင့်လည်းကောင်း၊ သင်တန်းဆရာများက လက်တွေ့သရုပ်ပြသခြင်းများဖြင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဟောပြောပေးပါသော အထောက်အကူပြုအရာရှိ ဦးထွန်းအောင်လွင်အား  ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးဝင်းနိုင်က အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)