မြောက်ဥက္ကလာပ ဩဂုတ် ၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဆွေးနွေးပွဲကို မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ခရေခန်းမတွင် ဩဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်အေးက အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးဦးနေလင်းက စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာ၊ အမူအကျင့်ကောင်းများနှင့်စပ်လျဥ်း၍ အသိပညာပေးပြောကြားခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် စွန့်ပစ်အမှိုက်များဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ မေးခွန်းများမေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သန့်ရှင်းရေးဌာနမှ ကြီးကြပ်ရေးမှူး ဦးကျော်မင်းထွန်းက ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား အမှိုက်အစို၊ အခြောက်ခွဲခြားခြင်းအား လက်တွေ့သရုပ်ပြယှဥ်ပြိုင်ခြင်းနှင့် ယှဥ်ပြိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေး လက်စွဲစာစောင်၊ လက်ကမ်းစာစောင်နှင့် အမှိုက်အိတ်များ၊ ဗလာစာအုပ်နှင့်ခဲတံများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများမှပေးအပ်ရာ အ.ထ.က(၁)မြောက်ဥက္ကလာပကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူမြင့်က လက်ခံရယူခဲ့ပြီး ကျေဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား(၃၅၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)