ပင်းတယ ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ကျုံး)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက "ကံ့ကော် "ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားအား အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများက " မြန်မာ့ကျောင်း" သီချင်းသီဆိုဖွင့်လှစ်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ကိုယ်စား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာမှာ လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန်ပညာရေးကို အဓိကဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မိဘ၊ ဆရာ၊ ကျောင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများမှ ကျောင်းသား/ကျောင်းသူများ တတ်မြောက်မှုမြင့်မားရေးအတွက် အားကြိုးမာန်တက် သင်ကြားပို့ချပေးခဲ့သလို ကျောင်းသား/ ကျောင်းသူများကလည်း သင်ယူလိုစိတ်ပြင်းပြကာ ကြိုးစားသင်ယူခဲ့ကြတဲ့အတွက် ယခုလိုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြပြီး နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်သော ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ဆက်လက်ကြိုးစား သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် Grade-12 ကျောင်းသား/ ကျောင်းသူများမှ " မြတ်ဆရာ " သီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)