ချမ်းမြသာစည်မြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် သြဂုတ် ၉                    

သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာ‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အဆိုပါ သိပ္ပံရှိ ကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ ဆေးဘက်ဌာနမှ ဒေါက်တာချမ်းကျော်ထွန်းက ကျန်းမာရေးဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့်နည်းပြများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့