ကျောက်ဆည်မြို့နယ်အတွင်းရှိ ပန်းခွာကျေးရွာအား (နဝမ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး

​ကျောက်ဆည် ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းအပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ထုတ်ချေးပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်း စသည့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းက ပန်းခွာကျေးရွာအား (နဝမ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပန်းခွာကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၀၂)ဦးအတွက် ငွေကျပ်(၅၁၁)သိန်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၂၉)ဦးအတွက် ငွေကျပ်(၁၁၆)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၀)ဦးအတွက် ငွေကျပ်သိန်း(၄၀)တို့အား အသီးသီး လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများကို ကျောက်ဆည်မြို့နယ်၌  (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်တွင် ရွှေလေးကျေးရွာအား စတင်ထုတ်ချေးပေးခဲ့ပြီး၊ ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အထိ ကျေးရွာ(၄၅)ရွာအား မြစိမ်းရောင်းကျေးရွာစီမံကိန်းငွေများ ထုတ်ချေးပေးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)