ဗိုလ်တထောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ဗိုလ်တထောင် ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်မိုးကျော်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာဟေမာဇော်မှ လူငယ်နှင့်ကျန်းမာရေးသိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန်းဌေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းဌေးတို့က အားကစားပစ္စည်းများကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်မိုးကျော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခင်ဝင်း (ပြန်/ဆက်)