တာမွေမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တာမွေ ဩဂုတ် ၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဘွေကျုံးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဦးစီးအရာရှိဒေါက်တာမိုးမိုးက စွန့်ပစ်အမှိုက်ဆိုသည့် အဓိပ္ပာယ်၊ စွန့်ပစ်အမှိုက်အမျိုးအစားများ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်နည်းများစသည့်ဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အမူအကျင့်ကောင်းများနှင့်စပ်လျဉ်း၍ အသိပညာပေး အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက ကျောင်းသူလေးများအား အမှိုက်စနစ်တကျ စွန့်ပစ်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့နှင့်ပတ်သက်၍ တေးသရုပ်ဖော်အစီအစဉ်များဖြင့်လည်းကောင်း၊ အသိပညာပေးပိုစတာများ ပြသ၍လည်းကောင်း အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးလက်စွဲစာစောင်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများနှင့် အမှိုက်အိတ်များအားပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်စုစုမော်က လက်ခံရယူခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲ ကျင်ပပြုလုပ်ပေးမှုအပေါ် တာမွေမြို့နယ်ပညာရေးမှူးဒေါ်ကြူကြူခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့တော်အတွင်းရှိ မြို့နေပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအနေဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အမူအကျင့်ကောင်းများအား ကျယ်ကျယ်ပြန်ပြန့်သိရှိပြီး မြို့တော်သန့်ရှင်းသာယာလှပ စေရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)