မော်လမြိုင် သြဂုတ် ၉
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် မွန်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူငယ်များအား ဩဝါဒအမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များ၊ ဌာနဆိုင်ရာများမှဘာသာရပ်များနှင့် နည်းပညာကျွမ်းကျင်သူများ ၊ ထူးချွန်လူရည်ချွန် မောင်/မယ်များ၊ ပြည်ပခရီးစဉ် အတွေ့အကြုံရှိ လူငယ်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြသည့် လူမှုအဖွဲ့အစည်းများမှ လူငယ်များကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားနှင့် ဆက်စပ်ကျင်းပပြုလုပ်မည့် အစီအစဉ်များမှာ ပါဝင်တက်ရောက်ဆွေးနွေးနိုင်ရေး စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာရှိသည့် အရည်အချင်းရှိသည့် လူငယ်တွေနှင့်တွေ့ဆုံပြီး အသိပညာဗဟုသုတများ နှီးနှောဖလှယ်ခွင့်ရရှိကာ ပိုမိုတိုးတက်သည့် အတွေးအမြင်အသိပညာနှင့် ဗဟုသုတများကောင်းများကို လူငယ်ထုကြားမျှဝေပေးနိုင်စေရေးကို အဓိကထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် မောင်/ မယ်များအနေဖြင့် မိမိမှာရှိသည့် အသိပညာ ၊ အတတ်ပညာများ ပိုမိုတိုးပွားအောင် မွန်ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်အောင် စည်းကမ်းရှိရှိ စည်းစည်းလုံးလုံးနှင့် လေ့လာမှတ်သားခဲ့ကြပါရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် မွန်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူငယ်များအတွက် ထောက်ပံ့ငွေကျပ် (၈,၆၉၇,၀၀၀/-)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ကိုယ်စားပြုထူးချွန်လူငယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)