တံတားဦး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံ ပညာမူလတန်းကျောင်း ဈေးချိုကျေးရွာတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့ အထများ ရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်(၁၀)နာရီ က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အ.မ.က၊ ဈေးချို ကျောင်းအုပ်ဆရာကြီး ဦးကျော်သူရက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးအေးမိုးက စာဖတ်ရှိန်မြှင့်တင်ရေး၌ စာဖတ်ခြင်း၏အကျိုးကျေးဇူများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဗဟုသုတတိုးပွား ရရှိစေရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိရေးတို့ကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြများ၊ ပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့် ကလေးစာပေများကိုဖတ်ရှုစေခဲ့ကြောင်း သိရသည်။
ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)