နေပြည်တော် ဩဂုတ် ၉
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် မိမိတို့ လေ့လာသိရှိမှတ်သားထားသည့် အချက်များ၊ အတွေ့အကြုံများ၊ ဗဟုသုတများကို အကောင်းဆုံးတင်ပြဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ဆွေးနွေးအကြံပြုချက်များကို သေချာစွာ လေ့လာမှတ်သားထားပြီး မိမိတို့ ဘဝတက်လမ်းအတွက်သာမက နေပြည်တော်ရှိ လူငယ်များ ဘဝရှေ့ရေးအတွက် အကောင်းဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များမှ ရရှိလာမည့် အတွေ့အကြုံ၊ ဗဟုသုတများ၊ အသိပညာများကို မိမိတို့နှင့် သက်ဆိုင်သည့်နယ်ပယ်များ၌ ထပ်ဆင့်ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်လူငယ်ရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကြည်စိုးလင်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များ၏ အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကိုယ်စားပြု လူငယ်အဖွဲ့က တစ်ဦးချင်း မိတ်ဆက်ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် လူငယ်များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)