တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

တပ်ကုန်း ဩဂုတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါ စကားဝိုင်းတွင် ကင်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ အဖွင့်အမှာစကားပြောကြား​ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး၊ ကင်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ မောင်ခန့်ပိုင်လင်း(Grade-9)၊ မောင်သီဟစိုး(Grade-9)၊ မယဉ်သူဇာအောင်(Grade-7)၊ မယွန်းရတီကျော်(Grade-6)တို့က ကျောင်းသား၏တာဝန်ဝတ္ထရား၊ လူငယ်နှင့်ရိုးသားဖြောင့်မတ်မှု၊ လူငယ်နှင့်ဇွဲ၊ သတ္တိ၊ လူငယ်နှင့်ဝတ်စား ဆင်ယင်မှုခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ သည်။

ထို့နောက် ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းနှင့်တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရပြီး၊ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် လူငယ်များအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်