ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

ပေါင် ဩဂုတ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ (၇) ရက် နံနက်ပိုင်းက (အထက)ပေါင်၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရာရောက်ပါကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုလည်း ထိန်းသိမ်းဖို့အတွက် ယခုလိုပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ယှဉ်ပြိုင်ကြရဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက အခြေခံပညာကျောင်းများအားလုံး၊ ဂီတအနုပညာဘာသာရပ် သင်ကြားပြသလျက်ရှိပြီး ယခုပညာသင်နှစ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာသူတွေ မြင်ရသည့်အတွက် အခြေခံပညာ ဆရာ၊ ဆရာမတွေ တာဝန်ကျေပွန်မှုကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်ပါကြောင်း အမှာစကားပြောကြားသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ တက်ရောက်ယှဉ်ပြိုင်နိုင်မည့်သူများကို စိစစ်ရွေးချယ်အကဲဖြတ်ပေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)