ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကားလမ်းပြတ်ကျသည့် နေရာအား ပြုပြင်ပြီး ကားငယ်များ ဖြတ်သန်းသွားလာနိုင်

ပင်လောင်း ဩဂုတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေများ တိုက်စားမှုကြောင့် ကားလမ်းများ မြေသား ပြတ်ကျခြင်းနှင့်ကားလမ်းပေါ် မြေသားများ ပြိုကျခြင်းများ ဖြစ်ပွားခဲ့ရာ အဆိုပါနေရာများအား ပြုပြင်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကျရေ တိုက်စားမှုကြောင့် ဩဂုတ်လ (၃) ရက်နေ့တွင် အောင်ပန်း -ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်း (၈၀.၅) ကီလိုမီတာနှင့် (၈၁) ကီလိုမီတာအတွင်း အရှည် (၄၀)ပေ၊ အကျယ်ပေ (၃၅) ပေ၊ အမြင့် (၁၈) ပေခန့် လမ်းသားပြတ်ကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ လမ်းသားပြတ်ကျမှုဖြစ်သည့် နေရာအား ရှမ်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နေမြေခံတပ်ရင်းတပ်ဖွဲ့တို့၏ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးမှုတို့ဖြင့် လမ်းအထူးအဖွဲ့(၁၃)မှ စက်၊ ယာဉ်၊ စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကားငယ်များ ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်