စစ်တွေ ဩဂုတ် ၉
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ကိုယ်ပိုင်ဟန် ရှည်လျားသောသမိုင်းကြောင်းဖြင့် ရိုးရာယဉ်ကျေးမှုများစွာကို ပိုင်ဆိုင်ခဲ့သည့် လူမျိုးများပီပီ ရခိုင်ပြည်နယ်ဒေသအသီးသီးတွင်လည်း အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များနှင့် ပညာရှင်များစွာရှိကြောင်း၊ ထိုအထဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ရွက်ပုန်းသီးအနုပညာရှင်များလည်း ပေါ်ထွက်လာပြီး လက်တွေ့နယ်ပယ်အသီးသီးတွင်လည်း ထူးချွန်သူများအဖြစ် မြင်တွေ့နေကြရပြီဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုဆင့်)ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အနေဖြင့် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆိပ်(၃)ခု၊ နှစ်သိမ့်ဆု(၁)ဆု စုစုပေါင်းဆုတံဆိပ်(၁၇)ခု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သတ်မှတ်ချက်တွင် အဆင့်(၈)ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စခန်းသွင်းလေ့ကျင့်မှုများကို ဆောင်ရွက်သွားမှာဖြစ်ရာ လိုအပ်သည့် ပံ့ပိုးမှုများ၊ လေ့ကျင့်မှုများကိုလည်း သက်ဆိုင်ရာဘာသာရပ်အသီးသီးအလိုက် အုပ်ချုပ်သူများက လေ့ကျင့်ပေးသွားပြီး ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူများဖြစ်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုးတက်လာသော နည်းပညာခေတ်နှင့်အညီ မျိုးဆက်သစ်လူငယ်ထုအတွင်း မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို စိမ့်ဝင်ပျံ့နှံ့လာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးများသာမက ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကိုပါ ဆက်လက်ထိန်းသိမ်းရင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်မှုများစွာ ရရှိနိုင်အောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက နေပြည်တော်၌(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပမည့် အခြေအနေများနှင့် ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(စစ်တွေဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်အေးနီလာက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းစီမံချက်များအားရှင်း လင်းတင်ပြသည်။
ယင်းနောက်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့် ချင်းရိုးရာအက Video Clip အား ပြသပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ဘာသာရပ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့်နိုင်ရေးတို့အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတက်ရောက်ကြမည့် လူငယ်ကိုယ်စား လှယ်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်လူငယ်ရေးကော်မတီကို အဖွဲ့ဝင်(၂၃)ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် နောင်အနာဂတ်၏ ပဲ့ကိုင်ရှင်များဖြစ်သဖြင့် လူငယ်များ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင်အသုံးချကာ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့ခေါင်းဆောင်များ၊ မိမိဒေသခေါင်းဆောင်များ ဖြစ်လာမည့်သူများ ဖြစ်သည့်အတွက်ကြောင့် မိမိတို့၏ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ စာရိတ္တစွမ်းအားများ ဖွံ့ဖြိုးတိုးတက်အောင် ယခုအချိန်ကတည်းက ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် ပြည်နယ်ဝန်ကြီး ဦးဆောင်ပြီး အုပ်ချုပ်သူများနှင့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် တွေ့ဆုံပွဲအခမ်းအနားတွင် မှာကြားချက်များကို နာယူမှတ်သားပြီး မိမိဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် အသုံးချသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး လူငယ်ကိုယ်စားလှယ်တစ်ဦးက ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်မည့်လူငယ်များအတွက် ထောက်ပံ့ငွေများကိုပေးအပ်ချီးမြှင့်ပြီး လူငယ်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)