နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး ဩဂုတ် ၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေးနှင့်ကော်မတီဝင်များ၊ ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှခွဲဝေထုတ်ပေးထားသော နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံအား မန္တလေးတိုင်းဒေသကြီးအနေဖြင့် မြို့နယ်အသီးသီးသို့ ကဏ္ဍအလိုက် ထုတ်ပေးခဲ့မှု၊ လက်ရှိပြန်လည်ကောက်ခံရရှိမှု၊ နိုင်ငံတော်၏မူဝါဒများအတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမနှင့် MSME ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်သူများ၏ လက်ဝယ်သို့ရောက်ရှိပြီး အကျိုးရှိစွာသုံးစွဲလည်ပတ်နိုင်ရေးနှင့် ထုတ်ချေးပေးထားသည့်ချေးငွေများ ပြန်လည်ကောက်ခံရရှိရေးတို့ကို စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

၎င်းနောက် ချေးငွေအဆိုပြုတင်ပြထား‌သော တိုင်းဒေသကြီးစီမံကိန်းကြီးကြပ်မှုကော်မတီနှင့် ချေးငွေအဆိုပြုတင်ပြထားသော ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူတို့က ချေးငွေယူလိုမှုတင်ပြထားသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာဌာနများ၏ရှင်းလင်းတင်ပြချက်များအပေါ် စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်