တာချီလိတ် သြဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်း အတွင်းရေးမှူးနှင့် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ တွေ့ဆုံ၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်က မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး သန်းခေါင်စာရင်းလုပ်ငန်း အောင်မြင်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးကျော်သက်နိုင်က သန်းခေါင်စာရင်းဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ စာရင်းစစ်/စာရင်းကောက်ဖွဲ့စည်းထားရှိမှုများ၊ အထူးနည်းပြသင်တန်းတက်ရောက်ရန် စာရင်းစစ် ဆရာ/ဆရာမ ရွေးချယ်ထားမှုများ၊ မြို့နယ်သန်းခေါင်စာရင်း သင်တန်းဖွင့်ချိန် သင်တန်းခန်းမပြုလုပ်မည့် နေရာများ၊ လုံခြုံရေးနှင့်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းပြောကြားကာ လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်များအား သန်းခေါင်စာရင်း အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်