တွံတေးမြို့တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

တွံတေး သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တွံတေးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၆ ရက် ညနေ(၃)နာရီအချိန်က တွံတေးမြို့ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်လုပွဲစဉ်တွင် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် အုန်းပင်စုရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အုန်းပင်စုရပ်ကွက်အသင်းက ဌာနဆိုင်ရာအသင်းကို အချိန်ပိုကစားပြီး ပယ်နယ်တီကန်သွင်းရာ အုန်းပင်စုရပ်ကွက်အသင်းက ဌာနဆိုင်ရာအသင်းကို ငါးဂိုး၊ လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်တာဝန်ရှိသူများက ဂိုး၊နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းအားကစားသမားဆုများနှင့် ပထမဆုရ အုန်းပင်စုရပ်ကွက်အသင်း၊ ဒုတိယဆုရရှိသော ဌာနဆိုင်ရာအသင်း၊ တတိယဆုရရှိသော စျေးသစ်ရပ်ကွက်အသင်း၊ စတုတ္ထဆုရရှိသော ရွှေဆံတော်ရပ်ကွက်အသင်းများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး၊ အားကစားစိတ်ဓာတ်များ ပိုမိုဖွံ့ဖြိုးလာစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ပိုမိုဖွံဖြိုးလာစေရန် ရွက်ပုန်းသီးအားကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲ၀င်(၁၂)သင်းကို အုပ်စု(၄)စု ပတ်လည်ယှဉ်ပြိုင်​ကြပြီး ဇူလိုင်လ(၁၅)ရက်နေ့မှ သြဂုတ်လ (၆)ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

တွံတေးသား