ရမည်းသင်း ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၈) စက်မှုလယ်ယာစခန်းအနေဖြင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ မိုးစပါးသီးနှံ စိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး တစ်ဧကအထွက်နှုန်းတိုးတက်ကောင်း မွန်စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများကို အဓိကဖြေရှင်းပေးနိုင်စေရန် 10 Rowseeder (မျိုးစေ့တိုက်ရိုက်ချကိရိယာ)ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆည်ကြီးကျေးရွာ၊ ကွင်းအမှတ် (၁၁၆၂) ရှိ ဒေသခံတောင်သူ ဦးနေမျိုးထွန်း၏ လယ်ယာမြေ၌ ကျင်းပခဲ့သည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူကြီးများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ရင်းနှီးကျွမ်းဝင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်လာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ခြင်းဖြင့်အချိန်တို ကာလအတွင်းတွင် စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းစသည့် ကောင်းကျိုးများစွာရရှိစေမှာဖြစ်သည့်အတွက် ယခုကဲ့သို့ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းကို ရမည်းသင်းခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသီဟဇော်က ရှင်းလင်းပြောကြားသည်။
အဆိုပါ တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ ရမည်းသင်းမြို့နယ် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စိုက်ညှိအဖွဲ့ဝင်များ၊ မိုးစပါးစိုက်ပျိုးကြသည့်တောင်သူကြီးများ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)