ဒလ ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ဟောပြောခဲ့ရာ ကလေးအလုပ်သမားများ၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဖြေရှင်းရမည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် သက်ဆိုင်သည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၀၀) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အေးမြမိုး (ပြန်/ဆက်)