မြစ်သား သြဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ စာပေဖတ်ရှုမှုမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အလုပ်တာဝန်များကြောင့်စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များအတွက် စာဖတ်သူများအဆင်ပြေစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ သုတစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်များ ကလေးများအတွက် ပုံပြင်စာအုပ်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ စုစုပေါင်း စာငှားသူဦးရေ (၁၀၂)ဦးရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ လစဉ်သွားရောက်၍ စာအုပ်အသစ်များနှင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)