ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ လိုက်လံစစ်ဆေး

တိုက်ကြီး  သြဂုတ်  ၈

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သြဂုတ်လ ၅ ရက် နံနက်ပိုင်းက တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှမ်းစုရပ်ကွက် သစ်တောလမ်းရှိ တိုက်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကိုမေးမြန်းပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာရှိ တိုက်ကြီးမွေးမြူရေးဇုန် ဧက(၂၀၀၀)အနီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ထားသည့် သနပ်ချောင်းဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် ဆည်တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ရှင်းလင်းဆောင် ဆောက်လုပ်နေမှုကိုကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ တော်ခရမ်းကျေးရွာအုပ်စု ဥတို-အဖျောက်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၀/၁) အနီး တံတားချဥ်းကပ်လမ်းမှာ လှိုင်မြစ်ရေမြင့်တက်လာမှုကြောင့် မြေပြိုကျမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဥတို-အဖျောက် ကားလမ်းတစ်လျှောက်ရှိ လမ်းနှင့် တံတားအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)