ရန်ကုန် ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဩဂုတ်လ (၆) ရက် နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာတွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ်(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးကျော်ဇင်လတ်က ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့် လုပ်ငန်းထူထောင်မည့်သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကိုသာ ရွေးချယ်သွားရန်ရှင်းလင်းပြောကြားခဲပြီး သင်တန်းသုံးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ကော်မတီအဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်နည်းပညာများကို (၁) လကြာ စာတွေ့ (၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့ (၇၀) ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်သလို သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါဝင်ငွေတိုးစီမံကိန်းသင်တန်းပြီးဆုံးပါက သင်တန်းသား/သူများမှ လုပ်ငန်းထူထောင်မည့်သူ (၅) ဦးတို့အား စိစစ်ရွေးချယ်၍ ဌာနမှ တစ်ဦးလျှင်ငွေကျပ် (၁၄) သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)