မိုင်းယောင်း ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့နံနက် ၈ နာရီတွင် မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ မြို့တွင်းလမ်းများ မီးလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မြို့နယ်လမ်းများ မီးလင်းရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဟိန်းစုမြတ်ကုမ္ပဏီမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၈)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ဟိုခုံဘုန်းတော်ကြီးကျောင်း၌ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖ၊ မြို့နယ်ဂေါပကအဖွဲ့နှင့် ဝါတွင်းကာလ စာရေးတံမဲနှင့် ခရိုင်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောအား ဇီဝကမ္မအလှူဆေးများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နေ့လယ် ၁၂ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ အသက်(၁၈)နှစ်နှင့်အထက် အိမ်ထောင်စုလူဦးရေစာရင်း (စတုတ္ထမူကြမ်း) ရေးသွင်းစိစစ်ခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း