ကျောက်ဆည် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့က အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲသူက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင်စာပေများလေ့လာဖတ်ရှုစေရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေမြင့်မှလူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်စာအုပ်၊ စာစောင်များနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)